ခန္ဓာကိုယ်အပြင်ဘက်တွင် နှလုံးရောက်ရှိသည့် ကလေးများမှာ ပုံမှန်အားဖြင့်ဆိုလျှင် သုံးရက်အထိသာ အသက်ရှင်နိုင်သော်လည်း အမေရိကန်မှ Ryan Marquiss ဆိုသူကလေးမှာ အသက်သုံးနှစ်ပြည့်မွေးနေ့ကို မကြာမီပြုလုပ်နိုင်တော့မည်ဖြစ်သည်။
Ryan ၏မိခင် Marquiss ကိုယ်ဝန် ၁၂ ပတ်ရှိသည့်အချိန်တွင် ကလေးအသက်ရှင်နိုင်ခြေ
မရှိသည်ကို စမ်းသပ်တွေ့ရှိခဲ့သဖြင့် ယင်းကိုယ်ဝန်ဖျက်ချရန် ဆရာဝန်များက အကြံပြုခဲ့သော်လည်း Ryan ၏မိဘနှစ်ဦးစလုံးက ငြင်းဆန်ခဲ့သည်။ အသက် ၃၄ နှစ်ရှိ မိခင် Marquiss က မိမိတို့ သည် သဘာဝဖြစ်စဉ်အတိုင်းရှိစေလို သဖြင့် ဖျက်ချရန်ငြင်းဆိုခဲ့ခြင်းဖြစ် ကြောင်း၊ ယခု ကဲ့သို့ အခြေအနေ မျိုးမှာ အသက်ရှင်နိုင်ခြေမရှိဟု ဆရာဝန်များက ပြောကြားခဲ့သော် လည်း ယခုအခါ Ryan က မိမိတို့အနီးတွင် ရှိနေသေးသဖြင့် အားလုံးအတွက် အံ့အားသင့်စရာဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
Ryan ကဲ့သို့ ကလေးမျိုးမှာ သန်းပေါင်းများစွာ မွေးဖွားလာမှုတွင် ရှစ်ဦးခန့်သာရှိနိုင်ပြီး ယင်းရှစ်ဦးခန့်မှာလည်း သုံးရက်အတွင်းသေဆုံးနိုင်ကြောင်း သိရသည်။ Ryan ကို ၂၀၀၉ ခုနှစ်၊
ဖေဖော်ဝါရီလကုန်ပိုင်းတွင် ၀ါရှင်တန်ရှိ ကလေးဆေးရုံတစ်ခု၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော နှစ်နှစ်အတွင်း Ryan ကို ခွဲစိတ်ကုသမှု တစ်ဒါဇင်ကျော် ပြုလုပ်ပေးခဲ့ရပြီး တစ်ဝက်သာ ဖွံ့ဖြိုးသော ၎င်း၏နှလုံးကိုပုံမှန်နှလုံးကဲ့သို့ အလုပ်လုပ်နိုင်ရန်အတွက် နေရာချသည့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့သည်။
ယင်းနောက် အပြင်ဘက်ထွက်နေသော နှလုံးကိုဖုံးသွားစေရန်အတွက် ၎င်း၏အရေပြားအောက်တွင် တစ်သျူးများ ပျံ့ထွက်စေသည့် အရာများကို ဆရာဝန်များက ထည့်သွင်းပေးခဲ့ကြောင်းသိရပြီး
နှလုံးအစားထိုးကုသမှုကိုလည်း အနာဂတ်တွင် ပြုလုပ်ရန်ရှိကြောင်း သိရသည်။

No comments:
Post a Comment